အာဇာနည်နေ့နှင့်ပက်သက်သော စာစီစာကုံး ကဗျာ နှင့် လေ့လာစရာများ လိုအပ်သူများအတွက် အာဇာနည်နေ့ သမိုင်းကြောင်း အစုံ

 အာဇာနည်နေ့နှင့်ပက်သက်သော စာစီစာကုံး ကဗျာ

နှင့် လေ့လာစရာများ

လိုအပ်သူများအတွက်


အာဇာနည်နေ့ သမိုင်းကြောင်း အစုံ


၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အတွင်း၀န်များရုံးမှာ တိုင်းပြည်ကျွန်ဘ၀က လုံး၀ လွတ်မြောက်ရေးနဲ့  စစ်ပြီးခေတ် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး အတွက် အစည်းအဝေး ထိုင်နေကြတဲ့ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ ကြားဖြတ်အစိုးရ ၀န်ကြီးတွေ လုပ်ကြံခံရတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့တယ်။

အဲဒီနေ့က ရန်ကုန်မြို့ရဲ့ ရာသီဥတုဟာ “မိုးလင်း ကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက်ရှိသည် ။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။  မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီး လို ဝုိးဝုိးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍မရှိဘဲ တဖွဲဖွဲ နေလိုက်၊  တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ၍ နေလေသည်” လို့ဆရာ ဒဂုန်တာရာက ရေးသား မှတ်တမ်းတင်ခဲ့တယ်။

နံနက် ၁၀ နာရီ ခန့်မှာ တာဝါလိမ်း နေအိမ်ကနေ အတွင်း၀န်များရုံးမှာ ပြုလုပ်မဲ့ ၀န်ကြီးများ အစည်းအဝေး ကိုတက်ရန် ဗိုလ်ချုပ်အောင်ဆန်းဟာ သူရဲ့ အပါးတော်မြဲ(ပီအေ) ဗိုလ်ထွန်းလှနဲ့ အတူ ကားနက်ကလေး အာရ်အေ/၂၈၇၄ နဲ့ ထွက်လာခဲ့တယ်။ ၁၀ နာရီ  ၁၀ မိနစ်လောက်မှာ အတွင်း၀န်များရုံးရဲ့ အလယ် ဗဟို လှေကားခြေရင်းကို ဗိုလ်ချုပ်ကားဆိုက်လာပြီး အစည်းအဝေးလုပ်မဲ့ အပေါ်ထပ် သူ့ရုံးခန်းကို အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ တက်လာတယ်။  အဲဒီနေ့ကျမှ ဗိုလ်ချုပ်ဟာ ခါတိုင်းလို ယူနီဖောင်း၀တ်နဲ့ မဟုတ်ဘဲ ရွှေဖလားရောင် ဗန်ကောင်လုံချည်၊ သနပ်ခါးရောင် မန္တလေး ပိုးတိုက်ပုံနှင့် အဖြူရောင် သဲကြိုး တပ်ထားတဲ့ လေယာဉ်ပျံဖိနပ် စတာတွေနဲ့ မြန်မာဆန်ဆန် ၀တ်စားဆင်ယင်ထားတာကို ထူးထူးခြားခြား တွေ့ရလို့၊ “ ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ “ ဟု ဦးဘဂျမ်းက လှမ်းနောက်လိုက်တယ်။

ကာကွယ်ရေး  ၀န်ကြီးရဲ့ ရုံးခန်းထဲမှာ အစည်းအဝေးပြုလုပ်ရန် အတွက် ဧရာ၀တီ မြစ်၀ကျွန်းပေါ်ဒေသကို တိုင်းခန်း လှည့်လည်နေတဲ့ သယ်ယူပို့ဆောင်ရေး ဌာန ၀န်ကြီး စောစံဘိုးသင်း ၊ အင်္ဂလန်မှ အပြန်  လမ်းခရီးမှာပဲ ရှိနေသေးတဲ့ ပြည်ထဲရေး၀န်ကြီး  ဦးကျော်ငြိမ်းနဲ့ ဌာန လက်ကိုင်မရှိ ၀န်ကြီး ဦးတင်ထဋ် တို့မှအပ ကျန်တဲ့ အစိုးရ အဖွဲ့ ၀န်ကြီးတွေ စုံစုံညီညီ ရောက်ရှိ နေကြပြီ ဖြစ်တယ်။ ရုံးအုပ်ကြီး ဦးခ၊ လက်ထောက်အတွင်း၀န် ဦးတင်အုံးနဲ့ ၀န်ကြီးများအဖွဲ့ အတွင်း၀န် ဦးရွှေဘော် တို့လည်း အစည်းအဝေး အတွက် လိုအပ်မဲ့ စာရွက်စာတမ်းတွေနဲ့ ဖိုင်တွေရှာဖွေ စုဆောင်းကာ အစည်းအဝေးကျင်းပမဲ့ အခန်းထဲကို တခုပြီး တခုပို့ဆောင်ရင်း ၀င်ချေ ထွက်ချေ အလုပ်များနေကြတယ်။

ဒီနောက် အစည်းအဝေး ကျင်းပရာ အခန်းထဲကို  ဗိုလ်ချုပ်နှင့် အပါးတော်မြဲ ဗိုလ်လှထွန်တို့ ၀င်လာပြီး ၊ ဗိုလ်လှထွန်းက ဗိုလ်ချုပ်အတွက် လိုအပ်တဲ့ဖိုင်တွေ၊ မှတ်တမ်းမှတ်ရာ တွေကို ဗိုလ်ချုပ်စားပွဲထိပ်မှာ  ချပေးလိုက်တယ်။  ဗိုလ်ချုပ်က သူ့ထိုင်ခုံမှာ ၀င်ထိုင်လိုက်တော့ ဗိုလ်ထွန်းလှလည်း အစည်းအဝေး ခန်းမကနေ သူရဲ့ရုံးခန်း ရှိရာကို  ထွက်လာခဲ့ပြီး သူ့ရုံးခန်းထဲမှာ စိတ်အေးလက်လေး ရှိနေခဲ့တယ်။ အဲဒီနေ့က အစည်းအဝေးတက်ရောက်သူတွေကတော့

၁။ ဗိုလ်ချုပ်အောင်ဆန်း- ဒုဥက္ကဌ၊ ကာကွယ်ရေး နှင့် နိုင်ငံခြားရေး ဌာန

၂။ သခင်မြ- ဘဏ္ဍရေးနှင့် အခွန်တော်ဌာန

၃။ ဦးဘ၀င်း-ကူးသန်းရောင်း၀ယ်ရေးနှင့် ထောက်ပံရေး ဌာန၊

၄။ ဒီးဒုတ်ဦးဘချို-ပြန်ကြားရေးဌာန

၅။ အဗ္ဗဒူရာဇတ်- ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန၊

၆။ မန်းဘခိုင် - စက်မှုလက်မှုနှင့် အလုပ်သမား ဌာန၊

၇။ မွန်းပွန်စော်ဘွားကြီး စပ်စံထွန်း-တောင်တန်းရေးရာဌာန၊

၈။ ဦးဘဂျမ်း-ပြန်လည်ထူထောင်ရေး ဌာန၊

၉။ ပျော်ဘွယ် ဦးမြ- လယ်ယာနှင့် စိုက်ပျိုးရေး ဌာန၊

၁၀။ ဥိးအောင်ဇံဝေ-ပြည်သူ့၀န်ထမ်း ဌာန၊

၁၁။ ဦးအုံးမောင် -ဒုတိယ အတွင်း၀န် လမ်းပန်းဆက်သွယ်ရေး ဌာန တို့ဖြစ်တယ်။


 ကျဆုံး အာဇာနည်များ

 

ဦးအုံးမောင်ဟာ သူ့ ၀န်ကြီး စောစံဖိုးသင်း ခရီးထွက်နေပြီး အစည်းအဝေး မတက်နိုင်လုိ့၊ လမ်းပန်း ဆက်သွယ်ရေး ဌာနနဲ့ ပက်သက်ပြီး အစည်းအဝေးမှာ လိုအပ်တာတွေ တင်ပြနိုင်ဖို့နဲ့ ပြည်လည်ဖြေကြားနိုင်ဖို့ ရောက်ရှိနေတာဖြစ်တယ်။

အရင်ကတော့ ၀န်ကြီးများ (ဘု၇င် အမှု့ဆောင် ကောင်စီအဖွဲ့များ) အစည်းအဝေးကို ဘုရင်ခံ့ သဘာပတိအဖြစ် ဆောင်ရွက်ကာ ဘုရင်ခံ ကိုယ်တိုင် ဦးစီး ကျင်းပလေ့ ရှိပါတယ်။ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုပြီး နောက်ပိုင်းမှာတော့ ၊မြန်မာပြည်ကို လွတ်လပ်ရေး သေချာပေါက် ပေးရတော့မဲ့ အခြေအနေနဲ့ ဖဆပလ ဘုရင် အမှု့ဆောင် ကောင်စီကို ကြားဖြတ်အစိုးရ အဆင့်မျိုးနဲ့ လွတ်လပ်စွာ စီမံဆောင်ရွက်ခွင့် ပေးထားတာဖြစ်လို့  ၁၉၄၇ ဇန်နဝါရီ လောက်ကစပြီး ဘုရင်ခံ ကိုယ်တိုင် တက်ရောက်ခြင်းမရှိတော့ဘဲ ၊ ဘုရင်အမှုဆောင် ကောင်စီ ဒဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း ကပဲ သဘာပတိ အဖြစ် ဦးစီး ကျင်းပနေတာဖြစ်တယ်။

အစည်းအဝေးကျင်းပရာ  ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုံးခန်းဟာ အထဲကို ၀င်ရန် တံခါး  ၃ ပေါက်ရှိတဲ့ခန်းမကျယ်ကြီးဖြစ်ပြီး၊ လက်ဝဲဘက်မှာ အတွင်း၀န် ဦးရွှေဘော်ရဲ့ အခန်း၊ လက်ယာဘက်မှာ ဗိုလ်ချုပ် အပါးတော်မြဲ ဗိုလ်ထွန်းလှရဲ့ အခန်းတွေ ရှိပါတယ်။  ဒီအခန်းကြီးရဲ့ အရှေ့မြောက်ထောင့်မှာ ဗိုလ်ချုပ် အလုပ်လုပ်တဲ့ စားပွဲရှိပြီး ၊ တောင်ဘက် နံရံမှာတော့ ၀န်ကြီး တွေ အစည်းဝေးပွဲ ကျင်းပတဲ့ စားပွဲကြီးတွေ ရှိပါတယ်။ ၀န်ကြီးတွေ အစည်းအဝေး ကျင်းပရာ နေရာမှာစားပွဲရှည်ကြီး  ၃ ခုကို “ဂ” ပုံစံ အတိုင်းမှာ ထိပ်မှာတခု၊ ဘေးထဖက် တချက်မှာ တစ်လုံးစီ ချထားတယ်။ ထိပ်က စားပွဲက အလျား ၁၀ ပေ၊ အနံ ၃ ပေ လောက် ကျယ်ပြီး ၊ ကျန်တဲ့ဘေးတဖက် တချက်က စားပွဲ ၂ ခု ကတော့အလျား ၁၈ ပေ၊ အနံ ၃ ပေ ခန့်စီ ရှိကြတယ်။

အဲဒီနေ့ အစည်းအဝေးမှာ ဗိုလ်ချုပ်က ထိပ်စားပွဲ အလည်တည့်တည့် မှာထိုင်နေပြီး လက်ယာဘက် စားပွဲမှာ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဥိးရာဇတ်၊ ဦးဘ၀င်း၊ မန်းဘခိုင် တို့ အစဉ်အတိုင်း ထိုင်နေကြကာ၊ လက်ဝဲဘက် စားပွဲမှာတော့ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ ၊ ပျော်ဘွယ် ဦးမြနဲ့မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း တို့ ထိုင်နေကြတယ်။  ၀န်ကြီးများအဖွဲ့ အတွင်း၀န် ဦးရွှေဘော်က အစည်းအဝေးမှာ ဗိုလ်ချုပ်လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ ဖိုင်တွဲရှာပေးနိုင်ဖို့ ထပ်စားပွဲ ဗိုလ်ချုပ်ရဲ့ လက်ဝဲဘက်မှာ ရှိနေတယ်။

အစည်းအဝေးကို အစီအစဉ် အတိုင်း ၁၀ နာရီ ၁၅ မိနစ်မှာ စတင်ကျင်းပပြီး ၀န်ကြီး ဌာနအလိုက် အရေးကြီးတဲ့  သက်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြတယ်။ ဒီလိုနဲ့ ဌာနဆိုင်ရာ ကိစ္စရပ်တွေကို အစီအစဉ်အတိုင်း ဆွေးနွေးလာခဲ့ရာ ၁၀ နာရီခွဲခန့်မှာ  လမ်းပန်းဆက်သွယ်ရေး ဌာန ကိစ္စရပ်တွေကို တွေးနွေးဖို့ အလှည့်ရောက်လာတာနဲ့ ဒုတိယ အတွင်း၀န် အိုက်စီအက်စ် ဦးအုန်းမောင်လည်း အစည်းအဝေး ခန်းမထဲကို ရောက်လာပြီး လက်ယာဘက်စားပွဲထိပ်က သခင်မြ အနားမှာ ၀င်ထိုင်လိုက်တယ်။ 


နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်မှာ " ငါ့တပည့်များ အောင်ပါစေကွာ" ဆိုတဲ့ စကားသံအဆိုံးမှာ အင်းလျှားကန် ဘေးရှိ ဦးစောအိမ်၀င်းထဲကနေ ဂျစ်ကားအစိမ်းလေး တစင်းဝူးခနဲ ထွက်လာပြီး အတွင်း၀င်ရုံးဘက်ကို ဦးတည်မောင်းနှင်သွားတယ် ဒီဂျစ်ကားလေးကိုဦးစောရဲ့ တပည့် တစ်ဦးဖြစ်တဲ့ သုခက မောင်နှင်ပြီးကားပေါ်မှာ တခြားတပည်တွေဖြစ်တဲ့  စိန်ကြီး မောင်စိုး ရန်ကြီးအောင်သက်နှင်းတို့က တော်မီဂန်းနဲ့ စတင်းဂန်းတွေ အသင့်ကိုဆောင်ကာ လိုက်ပါလာကြတယ်။ မိုးတဖွဲဖွဲနဲ့ စွေနေတဲ့ လမ်းမကြီးပေါ်မှာ အာစီ/၁၈၁၄ နံပါတ်ဂျစ်ကား အစိမ်းလေးကဟာ စ်မိုးကာတွေခြုံထားပြီးစစ်ယူနီဖောင်း၀တ် နံပါတ် ၁၂ တပ်မ ခြင်္သေ့တံဆိပ် တပ်ထားတဲ့ လူ ၄ဦးကို တင်ဆောင်ကာ အပြေးမောင်နှင်လာတယ်။ ဒီဂျစ်ကားလေးဟာ မောင်ဂိုမာရီလမ်း(ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) အတိုင်းပန်းဆိုးတန်းထိပ် နာရီစင်ကိုဖြတ်ပြီးအနောက်မှ အရှေ့သို့  မောင်းနှင်လာတယ်။ နောက် စပတ်လမ်း(ယခု ဗိုလ်အောင်ကျော်လမ်း) ကိုရောက်တဲ့အခါ ညာဘက်ကို ချိုးလိုက်တယ် ဒီကမှ တဆင့်  ဖရေဇာလမ်း(ယခုအနော်ရထာလမ်း)ကို ဖြတ်ကျော်လာပြီး အတွင်း၀န်ရုံးရဲ့တောင်ဘက် ဂိတ်၀ကို ရောက်တဲ့အခါ စက်ရှိန် လျှော့ပြီးအတွင်း၀န်များရုံး၀င်းအတွင်း ၀င်ရန် ကားခေါင်းကိုဘယ်ဘက်သို့ဦးတည်လိုက်တယ်။ ဒီအချိန်ဟာ ရုံးတက်စ ၁၀နာရီခွဲခန့်ဖြစ်လို့ အရာရှိကြီးငယ်တွေရဲ့ ကားကြီးကားငယ်တွေ ၀င်နေကြလို့ ဂိတ်၀မှာ ခဏရပ်စောင့်နေရသေးတယ်။ နောက်မှ ကားဘီးကို ခပ်ဖြည်းဖြည်းလိမ့်ကာ အနောက်ဘက်ဆင်၀င်ကြီးအောက်က တဆင့် ကာကွယ်ရေးဌာနဘက်သို့ ကွေ့၀င်ကာ  အနောက်တောင် ထောင့်မှာ ထိုးရပ်လိုက်တယ်။ချက်ချင်းဆိုသလိုပဲ ကင်းပတ်ဖိနပ်ရှည်(Canva Shoes)စီးထားပြီး စတင်းဂန်းတလက်၊တော်မီဂန်း၃လက် တို့ကို အသင့် ကိုင်ထားတဲ့ စိန်ကြီး၊မောင်စိုး ရန်ကြီးအောင်နဲ့ သက်နှင်းတို့လည်း ကားပေါ်က ခုန်ဆင်းကာ  အတွင်း၀န် များရုံးထဲကို အပြေး၀င်ရောက်လာကြတယ်။သုခက ကားကိုစက်မရပ်ဘဲ နှိုးထားကာ အသင့်စောင့်ဆိုင်းကျန်ရစ်ခဲ့တယ်၊သေနတ်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ စိန်ကြီး ၊မောင်စိုး၊ရန်ကြီးအောင်နဲ့ သက်နှင်းတို့ဟာ အတွင်း၀န်ရုံးတောင်ဘက်မှ မြောက်ဘက်အတိုင်းဗိုလ်ချုပ်ရုံးခန်းရှိရာ ကို လျှောက်လာကြပြီး အခန်း၀မှာ စောင့်နေတဲ့ မင်းစေကိုတွန်းဖယ်ကာ မြောက်ဘက်ဆုံးတံခါးပေါက်ကနေ ၀န်ကြီးများစည်းဝေးနေတဲ့ အခန်းတွင်းသို့၀င်လိုက်ကြတယ်။

နံနက် ၁၀နာရီ ၃၇ မိနစ်၊ရှေ့ဆုံးမှ ၀င်လာတဲ့ သက်နှင်းက " ဟိတ်" လို့ ခပ်ကျယ်ကျယ်အော်သံနဲ့ အတူ လက်ထဲက တော်မီဂန်းနဲ့ ဗိုလ်ချုပ်ကို သဲသဲမဲမဲ စတင် ပစ်ခတ်တော့တယ် တချိန်တည်းမှာပဲ စားပွဲထိပ်မှာ ထိုင်နေတဲ့ ဗိုလ်ချုပ်ဟာ ထိုင်ရာက လက်ကာပြရင်း ၀င်လာသူတွေကို တစုံတခု လှမ်းပြောဖို့ ကျိုးစားခဲ့သော်လည်း အချိန် မမှီတော့ပေ။လူသတ်သမားရဲ့ ပစ်ခတ်လိုက်တဲ့ ကျည်ဆံတွေကြောင့် ဗိုလ်ချုပ် နောက်သို့ လန်ကျကာ လူရော ကုလားထိုင်ပါ လုံးထွေး လဲပြိုသွားတော့တယ်။ဒီနောက်မှ ဗိုလ်ချုပ်ညာဘက်မှာ ထိုင်နေတဲ့ ၀န်ကြီးတွေကိုလည်း တဆက်တည်း ပစ်ခတ်လိုက်တယ်။ပြီးတော့မှ ဘယ်ဘက်ကို မွေ့ယမ်းလိုက်တယ်။

၀န်ကြီး ပျော်ဘွယ်ဦးမြနဲ့ အတွင်း၀န် ဦးရွှေဘော်တို့ဟာ ရှေ့ဆုံးက လူသတ်သမားက ဗိုလ်ချုပ်ကို စတင်ပစ်ပစ်ခြင်း နောက်ကျောဘက်က ပြတင်းပေါက် ကနေ အချိန်မှီ ခန်ချပြေးကြလို့ ဒဏ်ရာ မရရှိဘဲ လွတ်မြောက်ခဲ့ရတယ်။၀န်ကြီးဦးဘဂျမ်းကလည်း ပစ်ပစ်ခြင်း သူ့ဘေးမှာ ရှိတဲ့ ဦးအောင်ဇံဝေရဲ့ လက်ကို ဆောင့်ဆွဲကာ နှစ်ယောက်သား ကြမ်းပြင်ပေါ်လှဲချလိုက်လို့ အသက်ဘေးက လွတ်ခဲ့ရတယ်။

 ကျန်တဲ့ ၀န်ကြီးတွေ ကတော့ တစ်ယောက်ပြီးတစ်ယောက် သေနတ်ထိမှန်ကာ အတုံးအရုံးလဲကျ ကုန်တယ်။နောက်တော့ မတ်တပ်ရပ်ပစ်ခတ်နေတဲ့ လူသတ်သမားတွေဟာ ဒူးထောက်ထိုင်လိုက်ကာ အားရပါးရ စိတ်တိုင်းကျ ဆက်လက်ပစ်ခတ်ကြပြန်တယ်။ စိတ်တိုင်းကျပစ်ခတ်ပြီးတဲ့ နောက်မှ လူသတ်သမားတွေဟာ အပစ်ရပ်ကာလှေကားရှိရာဘက်ကို ပြေးထွက်လာကြတယ်။ ဒီအချိန်မှာ လှေကားထိပ်ရှိ အခန်းထဲက ၀န်ကြီးဦးရာဇတ်ရဲ့ သက်တော်စောင့် ကိုထွေးထွက်လာရာ လူသတ်သမားတွေက

ကိုထွေးကို စတင်းနဲ့ တချက်မွှေလိုက်ပြီး"ဟေ့ မဆိုင်သူဖယ်နေ အောက်က ဆင်းကြ" လို့အော်ဟစ်ရင်း လှေကားအတိုင်း တဟုန်ထိုးပြေးဆင်းသွားကြတယ်။ဆင်၀င် အပေါက်ကြီး အောက်မှာ ကားစက်နှိုးပြီးအသင့်စောင့်နေတဲ့ သုခ ကားပေါ်တက်ကာ စပတ်လမ်း(ယခုဗိုလ်အောင်ကျော်လမ်း)ထွက်ပေါက်ကြီးက ထွက်ပြီး လက်ဝဲဘက်ကို ကွေ့ကာ ဒါဟိုစီ(ယခုဗန္ဓုလလမ်း) လမ်းအတိုင်း အနောက်ဘက်ကို အတားအဆီးမရှိ ထွက်ပြေးမောင်းနှင်လွတ်မြောက်သွားကြတယ်။

ဦးစောဟာ ဖဆပလ ခေါင်းဆောင်ပိုင်းအားလုံးကို လုပ်ကြံသတ်ဖြတ်နိုင်မှ ဖဆပလ အစိုးရပြုတ်ကျမယ်လို့ တွက်ပြီး ဖဆပလအဖွဲ့ချုပ် ဒုဥက္ကဌနဲ့ တိုင်းပြုပြည်ပြု လွှတ်တော် ဥက္ကဌ သခင်နုကိုပါ လုပ်ကြံဖို့ တပည်တစ်ဦး ဖြစ်တဲ့ ဘညွန့်ကို စေလွှတ်ခဲ့ပေမဲ့၊အဲဒီနေ့က သခင်နု ရုံးမတက်လို့ လုပ်ကြံခံရမဲ့ ဘေးက လွတ်သွားခဲ့တာဖြစ်တယ်။  


 ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီး တွေကို လူသတ်သမားတွေက လုပ်ကြံသတ်ဖြတ်ခြဲ့့ပြီးနောက် အခန်းထဲသို့  ပထမဆုံး ေ၇ာက်ရှိလာတဲ့ ဗိုလ်ထွန်းလှက ဗိုလ်ချုပ်ကိုလဲကျနေရာမှ ထူကြည့်ခဲ့ရာ ရင်ဘတ်မှာ ဒဏ်ရာနှစ်ချက်  သုံးချက်ခန့် ရတယ်လို့ ထင်ခဲ့တယ်။ဒါပေမယ့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင် ပြီးနောက် ဆရာ၀န်ကြီးတွေက အသေအချာ စစ်ဆေးကြည့်ရှု့တဲ့အခါမှာတော့  ဗိုလ်ချုပ် ကိုယ်မှာ သေနတ်ဒဏ်ရာ ၁၃ တိတိကိုတွေ့ခဲ့ကြရတယ်။


ပျော်ဘွယ် ဦးမြနဲ့အတူ ပြတင်းပေါက်မှ ခုန်ချခဲ့တဲ့ အတွင်း၀န်ဦးရွှေဘော်မှာ လုံး၀ထိခိုက်ခြင်းမရှိခဲ့ပေ၊ ကြမ်းပြင်ပေါ်ကို မှောက်လဲ ချခဲ့တဲ့ ဦးအောင်ဇံဝေလည်း ထိခိုက် ဒဏ်ရာ မရခဲ့ပေမဲ့၊ဦးဘဂျမ်းကတော့ လက်ဝဲဘက် နံပါးမှာ တချက်၊ လက်ယာဘက် လက်သူကြွယ်မှာ တချက်အပေါ်ယံရှပ်ထိမှန်ခဲ့တယ်။ တကယ်တော့ ဦးဘဂျမ်းဟာ အဲဒီနေ့က အည်းအဝေးကို တက်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဟင်္သာတ ခရိုင်ကို ခရီးထွက်ရာကနေ ပြန်ရောက်ခါစ ဖြစ်ပြီး အအေးမိကာ အနည်းငယ် မကျန်းမမာဖြစ်နေတာကြောင့် ဖြစ်တယ်။ဒါပေမယ့် သူကဟာ အဲဒီအချိန်က အရေးကြီးသတင်းထူး တခုကိုအမြန်ဆုံးတင်ပြ အစီရင်ခံဖို့ လိုအပ်နေတယ်လို့ ယူဆပြီး အစည်းအဝေးကို ကြိုးစားလာတက်ခြင်းဖြစ်တယ်။

ဦးဘဂျမ်းရရှိခဲ့တဲ့ သတင်းထူး တစ်ခုကတော့ လွန်ခဲ့တဲ့ ဇွန်လ နောက်ဆုံးအပတ်အတွင်းက ဗိုလ်တထောင် ဘီအိုစီ(Base Ordnance Depot) ခေါ် ပစ္စည်းသိုလှောင်ရေး  တပ်ဖွဲ့ကနေ ဘရင်းဂန်း အလက် ၂၀၀ ကျော် ပျောက်ဆုံးခဲ့မှုရဲ့ တရားခံံဟာ ဂဠုန်ဦးစော ဖြစ်တယ်ဆိုတာ တင်ပြဖို့ပဲဖြစ်တယ်။


ဂဠုန်ဦးစောရဲ့ လှုပ်ရှားမှုတွေကို ပုလိပ်ဘက်က သတိပြုမိနေတာတော့ ကြာပါပြီ။နောက်ပြီးဦးစောအိမ်နဲ့ မျက်နှာချင်းဆိုင် အိမ်မှာ နေနေတဲ့ စစ်ရုံးချုပ်က လုံခြုံရေးအရာရှိ လက်ဖတင်နင် ကာနယ် ဂေါ်ဒွန်ဟန့်ဟာ ဦးစောရဲ့လူသတ်မှုတွေကို သင်္ကာ မကင်းဖြစ်ကာ၊ မိမိနေအိမ်ကနေ စစ်သုံးမှန်ပြောင်းဖြင့် ညအချိန် စောင့်ကြည့်နေခဲ့ရာ ဦးစောဟာ တပည့် လေးငါးယောက်နဲ့ အတူ  အင်းလျှားရေပြင်မှာ လှေတစင်းနဲ့ အလုပ်ရှုပ်နေတာကို ကြိမ်ဖန်များစွာ တွေ့မြင်ခဲ့ပြီး ဒီသတင်းကိုလည်း ဘုရင်ခံရဲ့ အတွင်း၀န် ဖိလစ်နက်ရ်ှထဲမှ တဆင့် ဘုရင်ခံက ဇူလိုင်က ၁၈ရက်နေ့မှာ သိထားပြီးဖြစ်တယ်။နောက်ပြီး အဲဒီလုပ်ကြံမှု့ဖြစ်ပွားတဲ့နေ့က လူ၅ဦးကို တင်ဆောင်ကာအပြေးမောင်းနှင်လာတဲ့ ဂျစ်ကားလေးတစ်စီး ဦးစောအိမ်ထဲကို ချိုး၀င်သွားတယ်၊အ၀င်မှာ ဦးစောနဲ့ဆုံမိကြတော့ "အောင်ပြီ၊အောင်ပြီ" လို့လက်သီးလက်မောင်းတန်း ကြွေးကြော်  နှတ်ဆက်ကြတာကို လက်ဖတင်နင် ကာနယ်ဂေါ်ဒွန်ဟန့် ကိုယ်တိုင်မြင်တွေ့ပြီး စီအိုင်ဒီ(မှုခင်းတပ်ဖွဲ့)ကို သတင်းပို့ခဲ့တယ်။ ဒါကြောင့် မွန်းလွဲပိုင်းမှာ ပုလိပ် စုံထောက်ဘက်နဲ့ သောင်းကျန်းသူ နှိမ်နှင်းရေး တပ်တို့ပူးပေါင်းပြီး အင်းလျှားကန်စောင်းရှိ ဦးစော နေအိမ်ကို ၀င်ရောက်ရှာဖွေခဲ့ပါတယ်။ဦးစောရဲ့တပည့်တစ်ဦးဖြစ်သူ မိုက်ရူးရဲ မှုံကြီးက သေနက်ကို ကိုင်စွဲကာ ခုခံပစ်ခတ်  ခဲသေးသော်လည်း အင်အားချင်း မမျှသည်ကို ရိပ်မိတဲ့ဦးစောက အချိန်မီ တားဆီးခဲ့တဲ့အတွက် ဦးစောတို့ လူသိုက် အားလုံးကို ဖမ်းဆီးရမိခဲ့တယ်။

ဦးစော အိမ်ထဲကနေ စာရွက်စာတမ်းတွေ မကြာခင်ကမှ ပြုလုပ်ထားတဲ့ "ဦးစော Prime Minister"ဆိုတဲ့ ရာဘာတံဆိပ်ဆုံးတွေနဲ့အတူ အင်္ဂလိပ် စစ်တပ်က ပျေက်ဆုံးသွားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေထဲက တချို့ကို အိမ်ထဲကရော အိမ်အနီးက အင်းလျှားကန်ကရော ရှာဖွေသိမ်းဆည်းရမိခဲ့တယ်။ 


ဒီမြန်မာပြည်ရဲ့ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ လုပ်ကြံမှုကြီးနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ ဗိုလ်ချုပ်ရဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှရဲ့ ထုတ်ဖော်ရေးသားချက်အရ၊စက်တင်းဂန်း ၂၀၀ ပျောက်ဆုံးမှု့နဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထက်လာပြီးလုံခြုံရေး အခြေအနေစိုးရိမ်ရတဲ့အထိ ပြောဆိုမှုတွေရှိလာတဲ့ အခါ ပြည်ထဲရေး၀န်ကြီး ဦးကျော်ငြိမ်း လန်ဒန်သွားနေခိုက်ပြည်ထဲရေးဌာန တာ၀န်တွေကိုပါ  ပူးတွဲယူထားတဲ့ ပျော်ဘွယ်ဦးမြက ဗမာ့ တပ်မတော်က တပ်စိတ် တစိတ်ကို ထုတ်နှတ်ပြီး ဗိုလ်ချုပ်မသိအောင် အတွင်း၀န်များရုံး အ၀င်လမ်းမှာ ကင်းပုန်းချထားလိုက်တယ်။

ဒီမြန်မာပြည်ရဲ့ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ လုပ်ကြံမှုကြီးနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ ဗိုလ်ချုပ်ရဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှရဲ့ ထုတ်ဖော်ရေးသားချက်အရ၊စက်တင်းဂန်း ၂၀၀ ပျောက်ဆုံးမှု့နဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထက်လာပြီးလုံခြုံရေး အခြေအနေစိုးရိမ်ရတဲ့အထိ ပြောဆိုမှုတွေရှိလာတဲ့ အခါ ပြည်ထဲရေး၀န်ကြီး ဦးကျော်ငြိမ်း လန်ဒန်သွားနေခိုက်ပြည်ထဲရေးဌာန တာ၀န်တွေကိုပါ  ပူးတွဲယူထားတဲ့ ပျော်ဘွယ်ဦးမြက ဗမာ့ တပ်မတော်က တပ်စိတ် တစိတ်ကို ထုတ်နှတ်ပြီး ဗိုလ်ချုပ်မသိအောင် အတွင်း၀န်များရုံး အ၀င်လမ်းမှာ ကင်းပုန်းချထားလိုက်တယ်။ မြန်မာပြည်ရဲ့ ကံဆိုးမိုးမှောင်ကျမှု အစလို့ ပြောရမဲ့ ကိစ္စကတော့ ၊အဲဒီတပ်စိတ်ထဲကရဲဘော်တစ်ယောက် ကိစ္စတစ်ခုနဲ့ အပြင်ထွက်လာချိန်မှာ ရုံးတက်ဖို့လာနေတဲ့ဗိုလ်ချုပ်က တွေ့ပြီး ဦးမြကိုဒီတပ်စိတ်ကိုရုပ်သိမ်းဖို့ အမိန့်ပေးခဲ့တာကြောင့် လုပ်ကြံံမှု့ မဖြစ်ပွားခင် ရက်ကမှ ဒီလုံခြုံရေးကင်းပုန်း၀ပ်နေတဲ့ တပ်စိတ် ရုပ်သိမ်းသွားခဲ့တာဖြစ်တယ်။

ဗိုလ်ချုပ် အောင်ဆန်းရဲ့ “သူ့ကို လုပ်ကြံမဲ့လူ မရှိနိုင်ပါဘူး” ဆိုတဲ့ ယုံကြည်ချက်နဲ့ အဆောင်အယောင် ပကာသန တွေကို ရွံ့ ရှာ စက်ဆုပ်ပြီး လွတ်လွတ်လပ်လပ် ရိုးရိုးသားသား နေထိုင်ချင်တဲ့ဗိုလ်ချုပ်ရဲ့ စိက်ရင်း စေတနာ ဖြူစင်ရိုးသားမူကို မချင့်မရဲဖြစ်ကာ မြန်မာပြည်နဲ့ လူထု ရဲ့ဆိုးဝါးလှတဲ့ ကံကြမ္မာလို့ ပဲပြောရမလား မသိတဲ့ အဖြစ်အပျက်ကိုသိမြင်ခွင့်ရခဲ့တော့ အံကြိတ် “တောက်” ခေါက်မိရင်း    ”      “ရန်သူမရှိဘူး” ဆိုတဲ့ ဗိုလ်ချုပ်ရေ ဘယ့်နှယ့်လဲ ကွဲ့။ ”    လို့သာ ဟစ်အော်လိုက်ချင်တော့တယ်။

ဦးစေ ဒီလို နိုင်ငံ့ခေါင်းဆောင်ကြီးတွေကို လုပ်ကြံ သတ်ဖြတ်ရတဲ့ အကြောင်းအရင်းက လန်ဒန်ဆွေးနွေးပွဲမသွားမီ လအနည်းငယ်အလိုက ကာကီရောင်ဝတ်ထားတဲ့ လူ နှစ်ယောက်က ဦးစောကို သေနတ်နဲ့ ပစ်လုပ်ကြံခဲ့ရာမှာ အသက်မသေခဲ့သော်လည်း မျက်ခုံးကိုရှပ်မှန်ကာ ဒဏ်ရာရခဲ့တယ်။ ဒီလုပ်ကြံမူကို ဗိုလ်နေဝင်း နဲ့ ဗိုလ်အောင်ကြီးတို့ရဲ့ အစီအမံနဲ့ ဦးမြလိူင်(ပေဖူးလွှာ မဂ္ဂဇင်း အယ်ဒီတာဟောင်း) က ကားမောင်းကာ၊ ကားပေါ်မှာပါလာတဲ့ ရန်ကုန်ဘဆွေက ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်။ ရန်ကုန်ဘဆွေ ကိုပေးကိုင်ပြီါ်ပစ်ခတ်စေခဲ့တဲ့သေနတ်ဟာ တပ်ရင်းမူးဗိုလ် နေဝင်း(အဲဒီအချိန်က ဗိုလ်နေဝင်းဟာတပ်ရင်းမူးသာရှိ သေးတယ်)ကိုင်ဆောင်တဲ့သေနတ်ဖြစ်တယ်။ဒီကိစ္စ ဟာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ပြည်သူ့ရဲဘော် လက်ချက်ဖြစ်တယ်လို့ယူဆကာ ဦးစော က ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်ကြီးတွေကို လုပ်ကြံသတ်ဖြတ် လက်စားချေ တာလို့ပြောကြတယ် အမှန်တော့ ဒီလုပ်ကြံမူ ကြီးဟာ ဒီထက်ပိုမိုလေးနက်တဲ့ရည်ရွယ်ချက်တွေရှိပါတယ်။

ဦးစောဟာ ဗိုလ်ချုပ်တို့ကို ညှီးသူရန်ဘက် အနေနဲ့ လုပ်ကြံသတ်ဖြတ်တာမဟုက်၊  ဦးစော တချိန်က “ကောင်လေးတစ်ယောက်” လို့ယူဆခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံအမျိုးသားခေါင်းဆောင်ဖြစ်လာပြီး သူလို နိုင် ငံရေးသမား စားဖားအိုကြီးတွေအတွက် မြန်မာ့ နိုင်ငံရေးဇာတ်ခုံမှာ နေရာမရှိဖြစ်နေရတဲ့အဖြစ်ကို ကြိတ်မနိုင် ခဲမရ ဖြစ်နေရတယ်။ဒါ့ကြောင့် ဦးစောအနေနဲ့ ဖဆပလ ခေါင်းဆောင်အားလုံးကု ဖယ်ရှားနိုင်မှသာသူ့အနေနဲ့အာ ဏာရနိုင်မှာဖြစ်တယ်လို့ ယူဆကာ ရန်ကုန်ရှိ ဖဆပဘ ခေါင်းဆောင်အားလုံးကိုသာမက နယ်ရှိဖဆပလ ခေါင်းဆောင်တွေကို ပါ လုပ်ကြံသတ်ဖြတ်ဖို့  စီစဉ်ခဲ့တယ်။ ဒါ့ကြောင့်လဲ အင်္ဂလိပ်အာဏာပိုင်တွေနဲ့ပူးပေါင်း ခိုးယူထားတဲ့ လက်နက်ခဲယမ်းတွေ ကိုအိမ်အနီး အင်းလျားကန်ထဲမှာ ဝှက်ထားသလိုလက် နက်တချို့တဝက်ကို လဲမျိုးချစ်ပါတီဝင်တွေဆီ ကိုဖြန့်ဝေထားပြီးဖြစ်တယ်။

ဒီလိုဦးစောက အကြံအစည် ကြီးကြီးမားမားကြံစည်နိုင်မူ ဟာ နယ်ချဲ့ဗြိတိသျှတွေ ရဲ့မြှောက်ပင့်အားပေး မူကြောင့်သာဖြစ်တယ်။ဗြိတိသျှ ကွန်ဆာဗေးတစ် နိုင်ငံရေးသမားတွေ၊စစ်ဘက်နဲ့အရပ်ဘက်က ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ရန်သူတော်ဟောင်းဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ အဖွဲ့အစည်းအာဏာရနေတာကိုမရူစိမ့်မနာလိုကြ ပါဘူး။ဒါကြောင့် မြန်မာနိုင် လွတ်လပ်ရေး မယူမီမှာ ဖဆပလ အစိုးရအဖွဲ့ ကိုဖြုတ်ချပြီး၊ မြန်မာနိုင်ငံကို ဒိုမီနီယံ အတွင်းမှာဆက်ရှိနေအောင် ဂဠုန်ဦးစော လိုပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းကြံစည်ခဲ့ကြတာဖြစ်ပါတယ်။


ပြီးပါပြီ။ 


မောင်ကျောက်ခဲ မှ ကူးယူဖော်ပြသည်....


အေးချမ်းမွန် Credit To > http://mhuthaw.blogspot.com< Thank

Re-post By ACM 30-6-2013

*သမိုင်းမော်ကွန်းတည် ကိုးဦးအာဇာနည်*


*အလွမ်းမျက်ရည် ရွာသွန်းဖြိုး

ဆယ့်ကိုးဇူလိုင် မမေ့နိုင်။

အာဇာနည်ပန်း မညှိုးနွမ်း

ယနေ့ထက်တိုင် သင်းနံ့လှိုင်။

မိုးဝါဆိုပြိုတဲ့ချိန်

ချင့်တွက်လေ ဘယ်မမေ့။

လွတ်လပ်ရေးပန်း ဆင်မြန်းဖို့

တို့နိုင်ငံအတွက် အသက်ပေးတဲ့

အာဇာနည်နေ့။


*အာဇာနည် အတိတ်ကြောင်း

ပြန်ပြောင်းကြည့်သော်

ရင်နာဖွယ်အကြောင်းတရား။

နယ်ချဲ့စေရာ တမန်မင်းတို့

လုပ်ကြံသတ်ဖြတ် လွန်ရက်စက်လို့

ကိုးပွင့်ကြယ်တို့ ကြွေခသွား။

သေနတ်သံ မိုးထက်ညံလို့

ဆူသွေးပွတ် ဂယက်ရိုက်လေ

ရင်ထုမကြေ မိုးမျက်ရည်တို့

ဝဲကာဖွဲကာ ကြွေလွင့်ခဲ့။

ထိုနေ့မှသည် ထိုအဖြစ်အပျက်

သမိုင်းကျန်ရစ် ကမ္ဗည်းတွင်ခဲ့။


*ပြည်သူ့ချစ်ပန်း ဗိုလ်အောင်ဆန်းနဲ့

ဦးဘဝင်း သခင်မြ

ဒီးဒုတ်ဦးဘချို။

မန်းဘခိုင် စပ်စံထွန်း

ဦးရာဇတ်နဲ့ ဦးအုန်းမောင်

ရဲဘော်ကိုထွေးတို့

ရင်းခဲ့ရလေ အသက်ကို။

လူပင်သေသော် နာမည်မသေ

အာဇာနည်မျိုးချစ်စိတ်

အစဥ်ကိန်းအောင်းတည်တံ့ဆဲ။

ကမ္ဘာတည်သရွှေ့ မြန်မာရှိသရွှေ့

ကိုးဦးအာဇာနည်ဆိုတာ ရှိနေမြဲ။


*ဗိုလ်ချုပ်သွေးသား အဖေ့သား

ဗိုလ်ချုပ်သွေးစီး အဖေ့သမီး

အဖေ့ကိုချစ်တယ်ဆို

အစဥ်မခွဲ မြဲလက်တွဲ။

အာဇာနည်မြတ် မမေ့အပ်

အသဲထဲမှာ သံမှိုစွဲ။

ယခုမှ နောင်နှစ်များစွာထိ

အာဇာနည်လမ်းစဥ်လိုက်၍

ငါတို့ပြည်ထောင်ထိန်းသိမ်းရင်း

အစဥ်ထာဝရ အလေးပြုသည်။

သမိုင်းမော်ကွန်းရေးထိုးတည်

ကိုးဦးအာဇာနည်။            ။


မောင်လမင်းနောင်(မင်းရောင်)

G11 အ.ထ.က(မြို့မ)တိုက်ကြီး

မူ/လယ်/ထက် ကလေးများကို ပြောပြရမည့်

.     " အာဇာနည်နေ့ "

 -----------------

- ဆရာမ တို့မြန်မာနိုင်ငံကိုအင်္ဂလိပ်တို့က

   ကျူးကျော်စစ်(၃)ကြိမ်ဆင်နွှဲပြီး

   သိမ်းယူခဲ့ကြပါတယ် ။


- ပထမအကြိမ်က(၁၈၂၄)ခုနှစ်

   မြန်မာတွေစစ်ရှုံးတယ်.ရခိုင်နဲ့

   တနင်္သာရီနယ်တွေကိုအင်္ဂလိပ်

   တို့ကသိမ်းပိုက်ခဲ့ကြတယ် ။


- ဒုတိယအကြိမ်က(၁၈၅၂)ခုနှစ်

   မြန်မာတွေပဲစစ်ရှုံးခဲ့လို့

   အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့က

   သိမ်းပိုက်ခဲ့ကြပြန်တယ် ။


- တတိယကျူးကျော်စစ်ကိုတော့

   (၁၈၈၅)ခုနှစ် ၊ နိုဝင်ဘာလမှာ

   ဆင်နွှဲခဲ့ပြီး အင်္ဂလိပ်တို့အနိုင်ရကာ

   မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်လိုက်ပါတယ် ။


- သူ့ကျွန်မခံလိုတဲ့ မြန်မာတွေဟာ

   အမျိုးသမီးများပါမကျန် အင်္ဂလိပ်နယ်ချဲ့ကို

   ရရာလက်နက်နဲ့ ပြန်လည်တိုက်ခိုက်ခဲ့ကြပေမယ့်

   #စည်းလုံးညီညွတ်မှုမရှိခြင်း…

   #လက်နက်အင်အားမမျှခြင်း…

   စတာတွေကြောင့်လွတ်လပ်ရေး

   ဆုံးရှုံးခဲ့ရပါတယ်…


- ဒီလိုနဲ့ ... လွတ်လပ်ရေးကိုပြန်လည်ရယူဖို့

   အသက်ကိုပင်ပဓာနမထားဘဲ 

   မြန်မာတစ်မျုိးသားလုံးအတွက်အသက်စွန့်ခဲ့ရသော

   ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရသည့်

   ဇူလိုင်လ(၁၉)ရက်နေ့ကို

   အာဇာနည်နေ့အဖြစ်သတ်မှတ်ခဲ့လေသည် ။


- ဤသို့ဖြင့်အာဇာနည်နေ့အခမ်းအနားများကို

   နှစ်စဉ်ကျင်းပလာခဲ့သည်မှာ

   ယခုဆိုလျှင်နှစ်(၇၁)ပင်ရှိလာခဲ့လေပြီ ။


- ယခု… (၂၀၁၈ )ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့သည်

   နှစ်( ၇၁ )မြောက် အာဇာနည်နေ့ပင်ဖြစ်ပါတယ် ။


- မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်

   (၁၉၄၇)ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင်

  ဝန်ကြီးများအစည်းအဝေးကို

   အတွင်းဝန်များရုံး၌ကျင်းပနေစဉ် 

   ဂဠုန်ဦးစော၏တပည့်များဖြစ်ကြသော

    စိန်ကြီး ၊ မောင်စိုး ၊ သက်နှင်း ၊ရန်ကြီးအောင်တို့

   ရုတ်တရက်အစည်းဝေးခန်းအတွင်း

   ဝင်ရောက်လာကြပြီး ...

   ခေါင်းဆောင်ကြီးများကိုပစ်သတ်ခဲ့ကြသည် ။


- ဝန်ကြီးများဖြစ်ကြသည့်ဗိုလ်ချုပ်အောင်ဆန်း 

   သခင်မြ ၊ မန်းဘခိုင်

   မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း

   ဒီးဒုတ်ဦးဘချို ၊ ဦးရာဇတ် နှင့်

   ဦးဘဝင်းတို့ကျဆုံးခဲ့ရသည် ။


- ခေါင်းဆောင်ကြီးများနှင့်အတူ

   အိုင်စီအက်စ်ဦးအုန်းမောင်နှင့်

   ဦးရာဇတ်၏အပါးတော်မြဲ ကိုထွေး

   တို့လည်းကျဆုံးခဲ့ရသည် ။


- အာဇာနည်ခေါင်းဆောင်ကြီးများ

   ကျဆုံးချိန်မှာ နံနက်(၁၀)နာရီ

   (၃၇)မိနစ်ဖြစ်သည်…။


- အာဇာနည်ခေါင်းဆောင်ကြီးများအား

   လုပ်ကြံမှုသတင်းသည်ချက်ချင်းပျံ့နှံ့သွားခဲ့ရာ

   မြန်မာတစ်နိုင်ငံလုံး

   တုန်လှုပ်ချောက်ချားသွားခဲ့သည် ။


- လောကဓာတ်တစ်ခုလုံး 

   သည်းထန်စွာငိုကြွေး၍နေသကဲ့သို့

   မိုးသီးမိုးပေါက်များအဖြိုင်ဖြိုင်ကျ

  နေလေသည် ။ လမ်းသွားလမ်းလာဟူ၍မရှိ ။

   စိုရွှဲနေသောလောကဓာတ်တွင်

   မြင်မြင်သမျှတို့သည်ခြောက်သွေ့၍နေလေသည် ။


- ဒါဟာ… တို့နိုင်ငံရဲ့လွတ်လပ်ရေး

   ခေါင်းဆောင်ကြီးများကိုလုပ်ကြံခြင်းခံခဲ့ရတဲ့

   အာဇာနည်နေ့

   အကြောင်းတစေ့တဆောင်းပါ…။


- တပည့်တို့ဟာ… လွတ်လပ်ရေးကို

   အသက်ပေးရယူခဲ့တဲ့အာဇာနည်

  ခေါင်းဆောင်ကြီးများကို

   အစဉ်လေးစားလျှက်ဦးညွတ်ကာ

   အလေးပြုပေးကြပါစို့ ။


   တင်ပြမှုလိုအပ်ခဲ့သည်ရှိသော်

   မပြည့်သောအိုးလေးမို့နားလည်

   ပေးကြပါကုန်…။


    လေးစားစွာဖြင့် #Credit - Shwe Pyi Soe


၁၉ ဇူလိုင်

_________


( ၁ ) ဦးဘဝင်း


လောကမှာ ကျွန်တော်မနာလိုဆုံးပုဂ္ဂိုလ်က ခင်ဗျားပဲ

ဗိုလ်ချုပ်နဲ့ မွေးချင်းတော်စပ်ခွင့်ရတယ်

ဗိုလ်ချုပ်ကို အင်္ဂလိပ်စာသင်ပေးခွင့်ရတယ်

နောက်ဆုံး ဗိုလ်ချုပ်နဲ့အတူ သေဆုံးခွင့်ရတယ်

ထူးလိုက်တယ့်ကံ ခင်ဗျားရင်ထဲက ကျည် ၈ချက်

ကျွန်တော်တို့ ခံစားရခက်နေတုန်းပဲ


( ၂ ) ဦးအုန်းမောင်


ကံဆိုးတာလား ? ကံကောင်းတာလား ?

တိုင်းပြည်အရေးအတွက် ငါးမိနစ်စောဝင်ခဲ့ပေမယ့်

ကျည်ဆန်တွေက ခင်ဗျားကိုယ်ထဲကို နစ်ဝင်ခဲ့ရပြီ

ခင်ဗျားရဲ့ သယ်ယူပို့ဆောင်ရေးစီမံကိန်း စာရွက်ကြီး

သွေးကွက်တွေထဲမှာ ခုထက်ထိ . . .


( ၃) ဦးရာဇာတ်


အပစ်ခံရတာချင်းအတူတူ

ဗိုလ်ချုပ် နဲ့ သခင်မြကိုအရင်ကြည့်ပါ

ကျွန်တော်က အရေးမကြီးပါဘူးတဲ့လား !

ခင်ဗျားစကားတစ်ခွန်းက ခင်ဗျားဘယ်လောက်အရေးကြီးကြောင်းပြောသွားတယ်

တောင်းပန်ပါတယ်

ကျွန်တော်တို့ အားလုံးဗိုလ်ချုပ်ကိုအသက်မမှီလိုက်ဘူး


( ၄ ) ရဲဘော်ကိုထွေး


ရာထူးမရှိပေမယ့် သွေးမနည်းပဲ

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်တာဝန်ကို

ရရာထောင့်က ကူညီခဲ့တယ့်သူ

နောင်လူငယ်တွေ ပြောပြရမယ်

အသက် ၁၈ လည်း အာဇာနည်ဖြစ်နိူင်တယ်ဆိုတယ့်အကြောင်း


( ၅ ) မိုင်းဘွန်စော်ဘွာကြီး စပ်စံထွန်း


သိပ်ခန့်တယ့် ရှမ်းစော်ဘွားကြီး

ငယ်ငယ်က ပေါင်ပေါ်မှာကြောင်ရုပ်ထိုးမိကာ အခုရှက်နေရလို့

လူငယ်တွေ ဆေးမှင်မထိုးပါနဲ့ဆိုတဲ့စော်ဘွား

ကျွန်တော်တို့ နှလုံးသားမှာ သူ့နာမည်တက်တူးထိုးသွားပြီ


( ၆ ) ဒီးဒုတ်ဦးဘချို


ကလောင်နဲ့ကော လူကိုယ်တိုင်ကော

တိုင်းပြည်ကို ရှိသမျှခွန်အားနဲ့ ကယ်ဆယ်ခဲ့တဲ့ဆရာ

အဲ့သည့်ဦးနှောက်ကို ကျည်ဆံတွေဖောက်ခဲ့တယ်

တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမူ့ကြီး

ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိူင်တ့ လူသားစစ်စစ်တစ်ယောက်


( ၇ ) မန်းဘခိုင်


ဗမာတွေ လက်အောက်ရောက်တာဟာ

တိုင်းတပါးလက်အောက်ရောက်တာထက် အများကြီးသာသေးပါတယ်လို့

ကရင် - ဗမာ ချစ်ကြည်ရးပျက်ပြားအောင်

သွေးထိုးတဲ့ အင်္ဂလိပ်တွေစကားကို တစ်ခွန်းတည်းနဲ့ ဖြေရှင်းခဲ့တဲ့ ဖထီး


( ၈ ) သခင်မြ


1947 july 19 ဒီနေ့မှ ထမင်းခပ်သုတ်သုတ်စားတာ ထူးဆန်းချည်ရဲ့ဆို

အိမ်အထွက် ခြံတံခါးနဲ့ ဂျစ်ကားညှိတော့

ဇနီးက မသွားပါနဲ့လား ဆိုတာကို

တချက်ပြုံးလို့

" ဗိုလ်ချုပ်စောင့်နေလိမ့်မယ် "

တစ်ခွန်းတည်းနဲ့ တစ်သက်တာလုံးနူတ်ဆက်သွားခဲ့တယ့်သူ

ကျွန်တော်တို့အခု …

ဘယ်လိုရင်ဘတ်နဲ့ အငိုတိတ်ရမလဲဗျာ … … … …


( ၉ ) ဗိုလ်ချုပ်အောင်ဆန်း


တစ်မျိုးသားလုံးအရေးကို ရင်ထဲထည့်ခဲ့တယ့်ဗိုလ်ချုပ်

ငါပြည်သူအနွေးထည်မဝတ်နိူင်တာဟာ ငါ့အပြစ်လို့ဆိုတဲ့ဗိုလ်ချုပ်

သားကိုတွေ့ချင်လွန်းလို့လာတဲ့ မိခင်ကို

တိုင်းပြည်အရေးကြောင့် မချစ်ချင်ယောင်ဆောင်

မိခင်အိမ်အပြန်ရထားထွက်တော့မှ

စင်္ကြန်မှာ ဒူးထောက်ရှိခိုးရင်း ငိုတဲ့ဗိုလ်ချုပ်

သူ့နှလုံးကို အကျဉ်းချပြီး

တစ်တိုင်းပြည်လုံး လွတ်လပ်ဖို့ကြိုးပမ်းခဲ့တယ့်ဗိုလ်ချုပ်

တစ်ဘဝလုံး စတေးခဲ့ပေမယ့်

ဇူလိုင် ၁၉ မှာ ပြန်ရခဲ့တာ ကျည်ဆန် ၁၃ ချက် . . .


ယနေ့အချိန် ဗိုလ်ချုပ်ကျေးဇူး မသိတက်သူတွေအတွက်


မေးပါရစေ . . .

တန် … လို့ … လား … ဗိုလ်ချုပ် … … … ?


Ulay Kyi ( ကိုလင်း)


ဆရာကျော် - ကန်မြဲ


Credit #မြန်မာ့တို့သိသင့်တဲ့သမိုင်းထဲကဗမာ့

 မူရင်းရေးသားသူများနှင့်မူရင်းပိုစ့်ပိုင်ရှင်များအားလုံးကိုလေးစားစွာဖြင့် Crd ပါဗျ




























































Comments